မျိုးရိုး ဗီဇ ဆက်ခံခြင်း မိတ်ဆက်
အဖေ အမေတူ မိဘနှစ်ပါးမှ မွေးဖွား ဆင်းသက် လာသော မွေးချင်း ညီအစ်ကို မောင်နှမ များ၏ ရုပ်သွင်၊ အပြုအမူနှင့် အကျင့် စရိုက် များသည် အမေ နှင့် တူသူများ ရှိသလို အဖေ နှင့် တူသူ များ ကိုလည်း တွေ့ရ သည်။ သို့သော် တချို့မှာ နှစ်ယောက် စလုံး နှင့် မတူပဲ အဖိုး အဖွား (သို့) တ၀မ်းကွဲ မောင် နှမများ နှင့် တူသည် ကို တွေ့ရ နိုင်သည်။ ထိုနည်း အတူ မိဘ တဦးဦးတွင် ရောဂါ (သို့) ခန္ဓာကိုယ်၌ ပုံမှန် မဟုတ်သည့် လက္ခဏာ တစ်ခု ရှိ၍ သား သမီးများထဲမှ အကုန်လုံး သို့ မကူးစက်ပဲ အချို့ ကိုသာ ကူးစက်ခြင်း၊ ကျားမ ကူးစက်ပုံ ခြားနား ခြင်း (သို့) သားသမီး များသို့ လုံးဝ မကူးစက်ပဲ မြေး၊ မြစ် များ လက်ထက်မှ သွားရောက် ကူးစက်ခြင်း စသည်တို့ကို တွေ့ဖူး ကြ ပါလိမ့်မည်။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။
ဤပို့စ်သည် မျိုးရိုးဗီဇ ရောဂါများ အကြောင်းကို တင်ပြခြင်းမဟုတ်ပဲ ၎င်း (Genetic Diseases) ၏ မိတ်ဆက်ဖြင့် မျိုးရိုး ဗီဇ အမွေ ဆက်ခံပုံ (Genetic inheritance) ကိုသာ တင်ပြခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဤပို့စ်ပါ အကြောင်း အရာများသည် ကျန်းမာရေး ပညာရှင်များ၊ ဆေး ပညာ နားလည်သူများသာ သိနိုင်သည့် အကြောင်းအရာ များ မဟုတ်ပဲ ပညာရေး အဆင့်မီသော နိုင်ငံများတွင် အထက်တန်း အဆင့် ဇီဝဗေဒဘာသာ (Biology) ကို သင်ကြားဖူးသူ မည်သူမဆို သိနိုင်သည့် အကြောင်းအရာများ ဖြစ်သဖြင့် သိပြီးသူ များစွာ ရှိနိုင် ပါသည်။ သို့သော် လည်း မြန်မာပြည် တွင် တက္ကသိုလ်၌ Molecular Bioscience နှင့် ဆိုင်သည့် ဘာသာ တခုခုကို သင်ကြား ဖူးခြင်း မရှိပဲ ထို အကြောင်းအရာ များကို သိနိုင်မည် မဟုတ် သောကြောင့် တချိန်က ကျွန်မ ကိုယ်တိုင် သိလိုပြီး ဝေခွဲ၍ မရ ခဲ့သော အထက်ပါ မေးခွန်း များ၏ အဖြေများကို တခြား စိတ်ဝင်စားသူ အားလုံး သိရှိစေရန် မျှဝေ ပေးလိုက် ပါသည်။ ကျွန်မ၏ မြန်မာလို ဘာသာ ပြန်ရာ၌ ဝေါဟာရ အရွေး မှားနေသည်များ ရှိနိုင်သဖြင့် သိပြီးသူများထဲမှ ပြင်ဆင် ပေးနိုင်သူများ ရှိပါက ၀မ်းသာစွာ လက်ခံ ကြိုဆိုပါသည်။
Chromosome and Genes ခရိုမိုဇုမ်း နှင့် ဗီဇ
သက်ရှိ အားလုံး၏ ဆဲလ် ကလပ်စည်း တိုင်းရှိ နြူကလိယ ထဲတွင် ရှည်လျားပြီး ချည်မျှင် ကဲ့သို့ ဖွဲ့စည်းပုံ ရှိပါသည့် ခရိုမိုဇုမ်း တတွဲစီ ပါရှိ ပါသည်။ ထို ခရိုမိုဇုမ်း ထဲတွင် ဆဲလ်၏ လုပ်ငန်း အတွက် လိုအပ်သော အချက်အလက် ပစ္စည်း အားလုံး ပါဝင်သည့် အပြင် နောက် မျိုးဆက် များသို့ လက်ဆင့် ကမ်းပေး သည့် မျိုရိုးဗီဇ အမှတ်အသား Genetic Code) (သို့) genes (သို့) Genome ဟုခေါ်သော ဗီဇကို သိုလှောင် ထား ပါသည်။ နောက် မျိုးဆက် သို့ ရောဂါ၊ ရုပ်သွင် လက္ခဏာ၊ အမူအရာ၊ အကျင့် စရိုက် စသည် တို့ကို လက်ဆင့် ကမ်း အမွေ ပေးမှု ကွဲပြားခြင်း သည် ထို ခရိုမိုဇုမ်း တစ်ခုစီရှိ ဗီဇများ၏ အပြစ် အနာအဆာများ နှင့် အားသာချက် များ ပေါ်တွင် မူတည်ပါသည်။
ဗီဇစတင်ခြင်း၊ Genotype (ရှိရင်းဗီဇ) နှင့် Phenotype (အသွင်သဏ္ဍန်) အမွေဆက်ခံခြင်း
ဗီဇသည် မျိုးဆက် တစ်ခုနှင့် တစ်ခုကြား အမွေ ဆက်ခံနိုင်သည့် အသေးငယ် ဆုံးသော အခြေခံ အင်္ဂါ အစိတ်အပိုင်း ဖြစ်သည်။ ခရိုမိုဇုမ်း ထဲတွင် မျိုးရိုး ဗီဇပေါင်း ၅၀ ၀၀၀ - ၁ ၀၀၀ ၀၀၀ အထိ ပါရှိ ပါသည်။ သက်ရှိ တို့၏ ဗီဇ တစ်ခုစီ ကို မိခင်နှင့် ဖခင် တဦးစီမှ ရရှိသော alleles ဟု ခေါ်သည့် ဗီဇ ၀က် တခုစီဖြင့် ပေါင်းစပ် ဖွဲ့စည်း ထားပါသည်။ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွားခြင်း (Fertilisation) ကို အောင်မြင် စွာ ပြီးစီး သွားသောအခါ လူသားတွင် ဖခင်၏ သုတ်ရည် (sperm) မှ ရရှိသော allele (ဗီဇ၀က်) နှင့် မိခင်၏ မျိုးဥမှ ရရှိသော ဗီဇ၀က်တို့ ပေါင်းစပ် ၍ ဆဲလ်အသစ် (gamete) ဟုခေါ်သော ပထမ ဦးဆုံး သက်ရှိ ဆဲလ်တခုကို လိင်ရှိ ဆဲလ်ပွားခြင်း (Meiosis) နည်းဖြင့် ရရှိ ပါသည်။ ထို သက်ရှိ ဆဲလ် တစ်ခုမှ တဆင့် ပုံစံတူ ဆဲလ်များကို လိင်မဲ့ ဆဲလ်ပွားခြင်း (Mitosis) ဖြင့် လူသား (သို့) သတ္တ၀ါ လောင်းလျာ လေး မှတဆင့် နောက်ဆုံး တွင် ပြီးပြည့်စုံ သည့် သတ္တ၀ါ တခုကို ဖြစ်လာ စေပါသည်။ ထို အသစ် ဖြစ်လာသော သတ္တ၀ါတွင် မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ အရိုက်အရာ များကို တွေ့မြင် နိုင်သည်များ ရှိသလို မတွေ့မြင် နိုင်သည် များလည်း ရှိပါသည်။
ထို့ကြောင့်ထိုလူသား၏ အမှန်တကယ် သွေးထဲတွင် ရှိနေသည့် ဗီဇကို Genotype (ရှိရင်းဗီဇ) ဟုခေါ်၍ တွေ့မြင်နိုင်သည့် ရောဂါ (သို့) ချွတ်ယွင်းမှု၊ ရုပ်သွင်၊ အရောင်၊ အကျင့်စရိုက်၊ အမူအရာ စသည့် အားလုံးပါဝင်သည့် ပြင်ပလက္ခဏာများ အားလုံးကို Phenotype (အသွင်သဏ္ဍန်) ဟုခေါ်ပါသည်။
စိုးမိုးဗီဇ (Dominant alllele) နှင့် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive alllele)
မိခင်နှင့် ဖခင်ဆီမှ ရရှိသော ဗီဇ၀က်နှစ်ခု ပေါင်းစပ်ထားသော ဗီဇတွင် လက္ခဏာပေါ်သည့် ဗီဇသည် စိုးမိုးဗီဇ (Dominant Gene) ဖြစ်ပြီး လက္ခဏာ မပေါ်သည့် ဗီဇသည် လက်ခံဗီဇ (သို့) ငုပ်ဗီဇ (Recessive Gene) ဖြစ်သည်။ ဥပမာ အသားဖြူသည့် အဖေနှင့် အသားညို သည့် အမေမှ မွေးလာသော ကလေးသည် အသားဖြူ ပါက အရောင် နှင့် ပတ်သက်သည့် ဗီဇ၌ အဖေ၏ သွေးက စိုးမိုးပြီး အသားညို ပါက အမေ၏ သွေး မှ စိုးမိုးသည်။ အရပ် ရှည်သူနှင့် အရပ်နိမ့် သူ နှစ်ဦးမှ မွေးလာသော ကလေး သည်လည်း စိုးမိုးသည့် ဗီဇအပေါ် မူတည်ပြီး အရပ်ရှည်ခြင်း ပုခြင်း ကို အမွေ ရမည်ဖြစ်သည်။ သို့သော်လည်း ထိုပုဂ္ဂိုလ် များ၏ သွေးထဲတွင် ရှိပြီး အသွင် သဏ္ဍန်တွင် မဖေါ်ပြ သည့် အသား အရောင်နှင့် အရပ် အနိမ့် အမြင့်သည် ၎င်းတို့၏ သား သမီးများသို့ အမွေ ပေးရန် သယ်ဆောင် သွားမည် ဖြစ်သည်။ ငုပ် ဗီဇသည် ကျန်းမာရေး နှင့် မသက်ဆိုင်သည့် အခြေအနေတွင် အနည်းစု (သို့) လူဦးရေ အများစု အတွက် ပုံမှန် မဟုတ် သည့် အခြေ အနေကို ဖေါ်ဆောင်ပြီး ဇီဝ၊ ဓါတုနှင့် ဆေး ပညာရပ်နှင့် သက်ဆိုင်သည့် အခြေအနေတွင်မူ ရောဂါ တခုခုကို ဖေါ်ညွှန်း ပါသည်။
ဗီဇ အမျိုးအစားများ
လူ ပုဂ္ဂိုလ်တဦး၏ ဗီဇ တွင် မိခင် နှင့် ဖခင်ဆီမှ စိုးမိုး ဗီဇဖြစ်စေ၊ လက်ခံ ဗီဇ ဖြစ်စေ မျိုးတူ သော ဗီဇ နှစ်ခု ပေါင်းစပ် ထားပါက မျိုးတူဗီဇ (Homozygote) ဟု ခေါ်၍ စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇ ပေါင်းစပ် ထားပါက မျိုးမတူ ဗီဇ (Heterozygote) ဟု ခေါ်ပါသည်။ များသော အားဖြင့် Homozygous dominant သည် ကျန်းမာ သူသာဖြစ်ပြီး Homozygous recessive သည် ရောဂါသည် ဖြစ်သည်။ အမျိုး မတူ သည့် ဗီဇ ၀က်နှစ်ခု ပေါင်းစပ် ထားပါက Heterozygote ဟု ခေါ်ပြီး ၎င်းတွင် ကျန်းမာ သည့် စိုးမိုး ဗီဇတခု ပါဝင် နေသောကြောင့် ၎င်း ကိုယ်တိုင် ရောဂါ အမွေရန် ခဲယဉ်းပြီး နောက် မျိုးဆက်သို့ ရောဂါ သယ်ဆောင်သူ (Carrier) သာ ဖြစ်သည်။
ဆိုလိုသည်မှာ ရောဂါသည် တစ်ဦးနှင့် ကျန်းမာသူ တဦးမှ မွေး လာသော ကလေးသည် ကျန်းမာ သည့် ဗီဇက စိုးမိုးဗီဇဖြစ်ပါက သူကိုယ်တိုင် ရောဂါသည် မဖြစ်နိုင် သော်လည်း နောက် မျိုးဆက်ဖြစ်သည့် ၎င်း၏ သားသမီးများအား အမွေပေးရန် ရောဂါ သယ်ဆောင်သူ ဖြစ်သည်။ ဤသည်ပင် မိဘ၏ ရောဂါ (သို့) အသွင် လက္ခဏာ သားသမီးတွင် မပေါ်ပဲ မြေး မြစ်တွင်မှ သွားပေါ်သည့် အကြောင်း အရင်း ဖြစ်သည်။ ကျန်းမာ သည့် မျိုးတူ စိုးမိုးဗီဇ (Homozygous dominant alleles) နှစ်ခု စလုံး ရထား သူသည် ရောဂါ မရှိနိုင် သလို သယ်ဆောင်သူ လည်း မဟုတ်ပါ။ မျိုးတူသည့် လက်ခံဗီဇ (Homozygous recessive alleles) နှစ်ခုစလုံး ရထား သူသည် ရောဂါ ရှိသူ ဖြစ်သလို သယ်ဆောင် သူ (Career) လည်း ဖြစ်သည်။
စိုးမိုး ဗီဇနှင့် လက်ခံ ဗီဇတို့၏ အမွေ ဆက်ခံပုံ ကို အောက်ပါ ဇယားကို လေ့လာခြင်း ဖြင့် ရှင်းလင်းစွာ တွေ့နိုင် ပါသည်။ အကယ်၍ ကျန်းမာ သည့် ဗီဇကို စိုးမိုး ဗီဇ (D) ဟု သတ်မှတ်ပြီး မကျန်းမာ သည့် ဗီဇကို လက်ခံဗီဇ (d) အဖြစ် သတ်မှတ်ပါက ရှိရင်းဗီဇနှင့် လက်ခံဗီဇ ကို အောက်ပါ အတိုင်း တွေ့ရမည်ဖြစ်သည်။
Heterozygous Inheritance (အမျိုးမတူဗီဇ အချင်းချင်း ပေါင်းစပ်ခြင်း အမွေဆက်ခံပုံ)
အမျိုး မတူသည့် ဗီဇနှစ်ခုကို ရရှိထားသည့် အမျိုးသမီးနှင့် အမျိုးသား တစ်ဦး လက်ထပ် ပါက ၎င်းတို့၏ သားသမီးများတွင် အမွေ ရနိုင်သည့် အသွင် သဏ္ဍန်ကို သိရှိ နိုင်ရန် မိဘ တဦးစီမှာ ရှိသည့် ရှိရင်းဗီဇ များ အချင်းချင်း မြှောက်ခြင်း (Dd X Dd) ဖြင့် ရနိုင်သည့် အဖြေကို အောက်ပါ ဇယားတွင် လေ့လာသိရှိနိုင်ပါသည်။

အထက်ပါ ဇယား၏ အဖြေအရ သားသမီးအားလုံး၏ ၇၅% ( Homozygous 25% နှင့် Heterozygote 50%) သည် ကျန်းမာ သူများ ဖြစ်ပြီး ၂၅% မှာ ရောဂါ ရှိသူ (dd) များ ဖြစ်သည်။ ကျန်းမာသူ များ အနက် ၅၀%မှာ ရောဂါသယ်ဆောင်သူ (Dd) များနှင့် လုံးဝ ကျန်းမာသူ (DD) မှာ လည်း ၂၅% ဖြစ်သည် ကို တွေ့ရ ပါသည်။
Incomplete Dominant (မပြည့်မ၀ စိုးမိုးခြင်း)
အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း မိခင် (သို့) ဖခင်၏ လက္ခဏာကို အပြည့်အ၀ မပြပဲ မိခင်နှင့် ဖခင် နှစ်ဦး စလုံးဆီမှ ရရှိသော ဗီဇ များသည် တခုအပေါ်တခု အပြည့်အ၀ မစိုးမိုး နိုင်ခြင်းကို မပြည့်မ၀ စိုးမိုးခြင်း ဟု ခေါ်ပါသည်။ ဥပမာ အရပ် ရှည်သူနှင့် အရပ် ပုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးသည် အရပ် မတိုမရှည် ဖြစ်နေခြင်း၊ အသား ဖြူသူနှင့် အသား ညိုသူ မိဘ နှစ်ပါးမှ မွေးလာသော သား သမီးများသည် အသား မဖြူမညို ဖြစ်နေခြင်း စသည်တို့သည် မပြည့်မ၀ စိုးမိုးခြင်း ( Incomplete Dominant) ၏ လက္ခဏာ များ ဖြစ်သည်။
Co-dominant (အတူတကွစိုးမိုးခြင်း)
အတူတကွ စိုးမိုးခြင်းကို သွေးအုပ်စု များတွင် တွေ့နိုင်ပါသည်။ သွေးနီဥ၏ မျက်နှာပြင် Antigens များ ရှိသော သွေးကို A နှင့် B နှစ်ခု ခွဲခြား သတ်မှတ်ထားပြီး Antigen မရှိသော သွေး အမျိုးအစားကို O အဖြစ် သတ်မှတ် ထားပါသည်။ မိဘသွေးတွင် ရှိသော Antigens များသည် သားသမီးသို့ အပြည့်အ၀ လက်ဆင့် ကမ်းသောကြောင့် A သွေးပိုင်ရှင်နှင့် B သွေး ပိုင်ရှင် လက်ထပ် ပါက မွေးလာသော သား သမီးသည် မိဘနှစ်ပါးစလုံးမှ Antigen နှစ်ခု စလုံးကို လက်ခံရပြီး AB သွေးပိုင်ရှင် ဖြစ်လာ ပါသည်။ O သွေး ပိုင်ရှင် အချင်းချင်း လက်ထပ် ပါက မွေးလာသော သားသမီး တွင်လည်း Antigens ပေါ်စရာ အကြောင်း မရှိသော ကြောင့် O သွေးသာ ဖြစ်နိုင် သော်လည်း တခြား သွေးအုပ်စု ပိုင်ရှင်နှင့် လက်ထပ်ပါက လက်ထပ်သည့်သူ၏ သွေး အမျိုးအစား အတိုင်း သားသမီးမှာ လက်ခံ ရရှိပြီး သား သမီးတွင် အိုသွေး အမွေ ရရန် မဖြစ် နိုင်ပါ။
သွေး အုပ်စုနှင့် တချို့ အနည်းငယ်သော ရောဂါများ အမွေဆက်ခံခြင်းမမှလွဲ၍ မိဘတွင် ရှိနေသော ရောဂါ (သို့) ပုံမှန်မဟုတ်သည့် လက္ခဏာ တခုခုသည် သားသမီး တယောက်စီ တွင်လည်း ရှိရမည်ဟု ပုံသေ တွက်၍ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ရောဂါ အတော် များများမှာ ဗီဇ ဟုခေါ်သော Genes (Genome) တခု တည်းတွင် မူတည် နေသည် မဟုတ်ပဲ တဦးချင်းစီ၏ ဘ၀ ပတ်ဝန်းကျင် တွင် ကျင်လည် ကျက်စားပုံ၊ နေထိုင် စားသောက်မှု အလေ့အထ နှင့်လည်း များစွာ သက်ဆိုင် နေသောကြောင့် ဖြစ်ပါသည်။ ထို အကြောင်း များနှင့် မျိုးရိုးဗီဇ အမွေ ဆက်ခံသည့်ပုံစံ (Genetic Inheritance Patterns)၊ မျိုးရိုး ဗီဇ ရောဂါများ (Genetic Diseases) များ အကြောင်းကို နောက် တင်မည့် ပို့စ်များ တွင် ဆက်လက် ဖေါ်ပြပါမည်။
Genetic Diseases and Inheritance Patterns (1)

မျိုးရိုးဗီဇ ရောဂါ များ (၂)
Chromosomal Abnormality
မျိုးရိုးဗီဇ ရောဂါနှင့် ပတ်သက်ပြီး ယခင်ပို့စ်မှာ Single Genes disorder ကို တင်ပြခဲ့ပြီး ဖြစ်၍ ယခုပို့စ်တွင် ၎င်း၏ အဆက် ဖြစ်သော Chromosomal Abnormality ကို တင်ပြသွားမည် ဖြစ်သည်။ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းသည် Gene တခုစီ၌ ပြဿနာ တစုံတရာ မရှိပဲ Geneများ ဖြင့် ဖွဲ့စည်း ထားသည့် ခရိုမိုဇုမ်း တခုခု၏ အရေအတွက် (သို့) ဖွဲ့စည်းပုံ၌ ချွတ်ယွင်းမှု တစုံတရာ ရှိနေခြင်း ကြောင့် ဖြစ်ပါ သည်။ လူသား၏ ပုံမှန်ဆဲလ်တခုတွင် ခရိုမိုဇုမ်း တတွဲတွင် ၂၃ စုံ (သို့) ၄၆ ခုစီ သည် ပုံမှန် အခြေအနေတွင် သူ့အတွဲနှင့်သူ အရေ အတွက် မှန်ကန်စွာဖြင့် အစီစဉ်တကျ အတွဲလိုက် (Homologous) ရှိရ ပါသည်။ ထိုသို့ ပုံမှန်မဟုတ်ပဲ ချွတ်ယွင်းနေခြင်းမှာ မျိုးပွားသည့် ကာလ၌ မိခင်နှင့် ဖခင်ဆီမှ ခွဲထွက် လာသော ဆဲလ် နှစ်ခုအနက် တခုခုတွင် အပို၊ အလို ပါလာခြင်း (သို့) ပေါင်းစပ်ရာ၌ သူ့နေရာနှင့်သူ မတွဲဖက်ခြင်း နှင့် ခရိုမိုဇုမ်း အစိတ်အပိုင်း တခု ကျိုးပြတ်ပြီး တနေရာမှာ တွယ်ကပ်ခြင်း တို့ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ပုံမှန် မဟုတ်ပဲ တစုံတရာ ချွတ်ယွင်း နေသည့် အခြေအနေ များတွင်
(၁) Numerical Abnormalities အရေအတွက် ပုံမှန်မဟုတ်ခြင်း
(၂) Structural Abnormality ဖွဲ့စည်းတည်ရှိပုံ ပုံမှန်မဟုတ်ခြင်း
ဟူ၍ နှစ်မျိးရှိသည်ကို တင်ပြလိုက်ပါသည်။
၁။ Numerical abnormalities အရေအတွက် ပုံမှန်မဟုတ်ခြင်း
အရေအတွက် ပုံမှန်မဟုတ်ခြင်းကို Aneuploidy ဟု ခေါ်၍ ခရုမိုဇုမ်း တစုံတွင် ရှိသင့်သည့် အရေအတွက် လိုခြင်း (သို့) ပိုခြင်းကို ဆိုလို ပါသည်။ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်းကို မွေးဖွားသည့် ဦးရေ ၁၅၀ တွင် တဦးနှုန်း ရှိသည်ဟု သိရပြီး ယင်းသည် ကိုယ်ဝန် ပျက်ကျခြင်း နှင့် ကလေး၏ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း ၏ အဓိက အကြောင်းရင်း ဖြစ်သည် ဟုလည်း သိရပါသည်။ ခရိုမိုဇုမ်း အရေ အတွက် ပုံမှန် မဟုတ်ခြင်း ကိုလည်း Autosomal Chromosome Aneuploidy, ပထမ ၂၂ စုံအထဲမှ ခရုမိုဇုမ်း အရေအတွက် ပုံမမှန်ခြင်း နှင့် Sex Chromosome Aneuploidy, ကျားမ (လိင်) ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်ခြင်း ဟူ၍ နှစ်မျိုး ကို တွေ့ရပါသည်။
Autosomal Chromosomes Aneuploidy
ခရိုမိုဇုမ်း တစုံတွင် နှစ်ခုစုံတွဲဖြစ်ရမည်းအစား ၁ ခု (Monosomy) သာ ရှိခြင်း (သို့) နှစ်ခုထက်ပိုနေခြင်း (Polysomy) ဖြစ်နေခြင်း ဖြစ်သည်။ Monosomy သည် မပြည့်စုံခြင်းဖြစ်၍ Polysomy ကြောင့် ဖြစ်သော ရောဂါထက် ဆိုးကျိုး ရလဒ် ပိုများသည်။ Polysomy များ၌ Down Syndrome သည် အဖြစ်များဆုံး နှင့် အထင်ရှားဆုံး ဖြစ်ပြီး ၂၁ စုံမြှောက် ခရိုမိုဇုန်း တွင် နှစ်ခု ဖြစ်ရမည့်အစား ၃ ခု ဖြစ်နေခြင်း ကြောင့် ဖြစ်ပြီး အသက်ရှင် သည့် ကလေး ၈၀၀ မွေးလျင် တယောက်နှုန်း ဖြစ်သည် ကို တွေ့ရသည်။ အကြောင်းရင်း အတိအကျ မသိရ သော်လည်း သုတေသနအရ အသက်ကြီးမှ အထူးသဖြင့် ၃၀ နောက်ပိုင်း ကလေးယူသည့် အမျိုးသမီးများ၊ အရက် စွဲလမ်းစွာ သောက်သော အမျိုးသမီများမှ မွေးလာသော ကလေးများတွင် အဖြစ်များ သည်ကို တွေ့ရပါသည်။
Down Syndrome သည် ကော့ကေးရှန်း ကလေးများတွင် တခြား ကလေးများ ထက် ပိုအဖြစ်များပြီး ပြင်ပ လက္ခဏာ အရ မျက်နှာ၊ နားရွက် နှင့် နှာခါင်း ပြားချပ်ပြီး တရုတ် မျက်နှာ ပေါက်နှင့် မွေးလာ သောကြောင့် အနောက် တိုင်းသားများက ထိုရောဂါကို ယခင်က Mongolism (မွန်ဂို တရုတ်ရောဂါ) ဟု ခေါ်ခဲ့သည်။ ကိုယ်ဝန် ဆောင်စဉ် ၎င်းရောဂါ ရရှိသော သန္ဓေသား လေးပုံသုံးပုံသည် ကိုယ်ဝန် ဆောင်စဉ် ကာလမှာပင် ပျက်ကျ လေ့ရှိပြီး အသက်ရှင် လျက်မွေးလာသည့် ကလေးများ အနက် ၂၀% ခန့်မှာ မွေးရာပါ နှလုံးရောဂါ (သို့) တခြား ရောဂါ တခုခုနှင့် မွေးလာပြီး ၁၀ နှစ်ကာ အထိ အသက်ရှင် နိုင်သည်။ ထိုထက် ပို၍ အသက်ရှည် သူများမှာ အသက်၆၀ ခန့် အထိ (သို့) ပျမ်းမျှ သက်တမ်း ၅၅ နှစ် နေရနိုင် ပါသည်။ အသက်ရှိစဉ် ကာလတွင် Down Syndrome ၏ တခြား သိသာ ထင်ရှားသည့် လက္ခဏာ များမှာ အရပ် ပုံမှန် ထက်နှိပ့်ခြင်း၊ လျှာနှင့် ကြွက်သား တောင့်တင်းနိုင်မှု အားနည်းခြင်း၊ အသက်ရှု လမ်းကြောင်း နှင့် ပတ်သက်သည့် ရောဂါများ အပေါ် တခြားသူများ ထက် ခံနိုင်ရည်နည်း ခြင်း၊ သွေးကင်ဆာ ရောဂါကို ရရှိနှုန်း ပိုများခြင်း စသည့် လက္ခဏာ များကို တွေ့ရပါသည်။ Down Syndrome နှင့် မွေးရာပါ နှလုံးရောဂါ ဆက်စပ်ပုံကို စိုးသီဟ ရေးသည့် ကျိန်စာ သင့်နေသူ လေးများ ပို့စ် ကို (http://health.ngoinmyanmar.org/2007/11/tof-tetralogy-of-fallot-cyanosis-tet.html) တွင် သွားရောက် ဖတ်ရှု နိုင်ပါသည်။
Sex-Chromosome Aneuploidy ကျားမခရိုမိုဇုမ်း ပုံမှန်မဟုတ်ခြင်း
ကျား မ ခရိုမိုဇုမ်းသည် ၂၃ စုံမြှောက် ခရိုမိုဇုမ်း ဖြစ်ပြီး မိန်းကလေး ဖြစ်ပါက (XX) နှင့် ယောက်ျားလေး ဖြစ်ပါက (XY) ဟူ၍ ခရိုမိုဇုမ်း တစုံတွင် နှစ်ခုသာ ရှိရမည် ဖြစ်သည်။ ထိုသို့ စုံတွဲ မှန်ကန်လျက် (Homologous) မဟုတ်ပဲ လိင် ခရိုမိုဇုန်း X (သို့) Y တခုသာ ဖြစ်နေခြင်း နှင့် တစုံ ထက် ပိုများ နေခြင်းကို Sex- Chromosome ပုံမှန် မဟုတ်ခြင်း ဟု ခေါ်ပါသည်။ ကျား မ ခရိုမိုဇုမ်း ပုံမှန် မဟုတ်ခြင်း သည် Autosomes ပုံမှန် မဟုတ်ခြင်း ထက် ရောဂါ အခြေအနေ သက်တောင့် သက်သာ ပိုဖြစ်သည် ကို တွေ့ရပါသည်။
X ခရိုမိုဇုမ်း အရေအတွက် နှစ်ခုထက် ပိုပါလာပြီး မွေးလာသည့် အမျိုးသမီးများ
X ခရိုမိုဇုန်း နှစ်ခုထက် ပိုများပြီး မွေးဖွားနှုန်း သည် အယောက် ၄၀၀ မှာ ၁ ယောက်နှုန်း ဖြစ်ပြီး အဖြစ်များဆုံးနှင့် ထင်ရှားဆုံး တခုမှာ X နှစ်ခု ဖြစ်ရမည့် အစား ၃ ခုဖြင့် မွေးလာသော မိန်းကလေးများ ဖြစ်သည်။ အယေက် ၁၀၀၀ မွေးလျင် ၁ ယောက်နှုန်း ဖြစ်ပြီး ၄င်းတို့ ကြီးပြင်းသည့် ကာလတွင် ကလေးမွေး နိုင်မှု၊ ရာသီသွေး ပုံမှန်လာမှု စသည် တို့တွင် ပုံမှန် မဟုတ်ပဲ ပြဿနာ တစုံတရာ ရှိနိုင် သော် လည်း တခြား ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာတွင် ရောဂါအဖြစ် သတ်မှတ်ရ လောက်သည့် ထူးထူးခြားခြား လက္ခဏာများကို မတွေ့ရပါ။ သို့သော်လည်း တချို့ အရေအတွက် အနည်းငယ်သော အမျိုးသမီးများ တွင် X ခရိုမိုဇုမ်း ၄ ခု ဖြင့် မွေး လာသော အမျိုးသမီး များ သည် ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု မရှိသော်လည်း စိတ်ပိုင်းဆိုင်ရာ၌ ချွတ်ယွင်း နိုင်ပါသည်။ ထို့အပြင် X ခရိုမိုဇုမ်း ၅ ခုနှင့် အထက် ဖြင့် မွေးလာသူများသည် ပိုမို ဆိုးဝါးသည့် စိတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု အပြင် ရုပ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု များကိုပါ တွေ့ရ ပါသည်။
Turner Syndrome
X ခရိုမိုဇုမ်း တခုတည်း တခြား မည်သည့် X (သို့) Y နှင့် မှ မတွဲဖက်ပဲ မွေးဖွား လာသူများ ဖြစ်သည်။ ယင်းသို့ မွေးဖွားလာသူများ၏ ဆဲလ်တွင်း၌ ခရိုမိုဇုမ်း ၄၆ ခု ရှိရမည့် အစား ၄၅ ခုသာ ရှိပါသည်။ ၎င်း ရောဂါကို။ ထိုကဲ့သို့ မွေးလာသော အမျိုးသမီး များတွင် အမျိုးသမီး အင်္ဂါစပ် ပါရှိ သော်လည်း မျိုးဥအိမ် မပါရှိ သောကြောင့် လာသီသွေးလာခြင်းနှင့် ကလေး ရနိုင်ခြင်း မရှိပါ။ ပြင်ပ လက္ခဏာ အရ ၎င်းတို့သည် အရပ် ပုံမှန် ထက်နှိမ့်ခြင်း၊ လည်ပင်း အရေပြား တွဲပြီး ခုံးခြင်း စသည်တို့ကို တွေ့နိုင် ပါသည်။ ၉၉% သော Turner Syndrome ရှိသည့် သန္ဓေသား များသည် ကိုယ်ဝန် ဆောင်စဉ် ကာလမှာပင် ပျက်ကျနိုင်ပြီး အသက်ရှင် သည့် ကလေး အယောက် ၃၀၀၀ မွေးမှ တယောက်နှုန်း ခန့်သာ ဖြစ်နိုင်ပါသည်။
Klineflter Syndrome
Y ခရိုမိုဇုမ်း တခုနှင့် X ခရိုမိုဇုန်း တခုထက်ပိုပြီး မွေးလာသူများ ဖြစ်သည်။ ၄င်းတို့တွင် Y ခရိုမိုဇုမ်းပါရှိနေသောကြောင့် အမျိုးသား များ၏ ရုပ်သွင် ရှိပါသည်။ သို့သော်လည်း ထိုသူများတွင် ဝှေးစေ့ ပုံမှန်ထက် သေးခြင်း၊ သုတ်ထုတ် နိုင်မှု အားနည်း၍ ထိုသူများတွင် ကလေး ရနိုင်ခြင်း မရှိပါ။ အရပ်ရှည်၍ ပိန်ခြင်း၊ တခြား ယောက်ျားများ နှင့် မတူပဲ ရင်သားကြီး ခြင်းကို ထိုရောဂါ ရှိသူများ၏ ၅၀% တွင်တွေ့ရပြီး မျက်နှာနှင့် ခန္ဓာကိုယ်၌ အမွေးမျှင် နည်းခြင်း စသည် တို့ကိုလည်း တွေ့နိုင် ပေသည်။ အသက်ရှင်၍ မွေးဖွား လာသူ အမျိုးသား ၁၀၀၀ မှာ တယောက်နှုန်း ခန့် တွေ့ရပါသည်။
Y ခရိုမိုဇုမ်း နှစ်ခုဖြင့် မွေးလာသူများထိုသူများသည် ပုံမှန် အမျိုးသား များထက် ပျမ်းမျှ အရပ် ပိုရှည်ပြီး ဉာဏ်ရည် ဖွံ့ဖြိုး မှုတွင် ပျမ်းမျှ IQ ထက် ၁၀ -၁၅ အထိ ပိုနှိပ့် ပါသည်။ အကြမ်းဖက် လိုသည့် အမူအကျင့်နှင့် စိတ်ပိုင်း ဆိုင်ရာ ကြမ်းတမ်းသည့် လက္ခဏာ များကို တွေ့နိုင် ပါသည်။ ရာဇ၀တ်မှုများကို ကျူးလွန် သည့် နှုန်းသည် ပုံမှန် ယောက်ျားများ ထက် ပိုများသည်ကို သုတေသန ပြုသူများစွာမှ ဖေါ်ပြထား ပါသည်။
၂။ Structural Chromosomal abnormality ခရိုမိုဇုမ်းဖွဲ့ စည်းပုံ ပုံမှန်မဟုတ်ခြင်း
အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်သော ပြဿနာ များနှင့် မတူပဲ ဖွဲ့စည်းပုံ မမှန်ကန်ခြင်း ကြောင့် ဖြစ်သော ရောဂါသည် ပြင်းထန်သည့် အခြေအနေ ရှိသလို တခါတရံ၌ သာမာန် လူတယောက်၏ ကျန်းမာရေးကို လုံးဝ မထိခိုက်သည် ကိုလည်း တွေ့ရပါသည်။ မျိုးပွား သည့် ကာလ၌ မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပုံမှန် အတိုင်း မတွဲဖက်ခြင်း နှင့် ကျိုးပြတ် ပျက်စီးခြင်း တခုခု ကြောင့် ဖြစ်ရသည်။ ထင်ရှားသည့် ရောဂါများမှာ Cri-du-chat syndrome, Robertsonian Translocation နှင့် Fragile X တို့ဖြစ်ပါသည်။
Cri-du chat syndrome
၎င်း ရောဂါသည် နံပါတ် ၅ စုံမြှောက် ခရိုမိုဇုမ်း၌ ချွတ်ယွင်း သောကြောင့် ဖြစ်ရပြီး အင်မတန် အဖြစ်နည်း ပါသည်။ မွေးလာသော ကလေးသည် မွေးရာပါ ကြောင်အော်သံ ကဲ့သို့ ငိုခြင်း၊ ကိုယ်အလေးချိန် ပုံမှန်ထက် ပို နည်းခြင်၊ ခေါင်း အဆမတန် သေးနေခြင်း၊ နှလုံး အားနည်းခြင်း မျက်နှာ လုံးဝန်းခြင်း စသည့် လက္ခဏာ များကို တွေ့ရပါသည်။ ဖွံ့ဖြိုး တိုးတက်မှု တွင် ဧရိယာ အားလုံး၌ နှေးကွေး ပါသည်။
Robertsonian Translocation
မိခင်နှင့် ဖခင်ဆီမှ ရရှိသော ခရိုမိုဇုမ်းများ ပေါင်းစပ်ရာ၌ ခရိုမိုဇုမ်း နံပါတ် ၁၃၊ ၁၄၊ ၁၅၊ ၂၁ နှင့် ၂၂ တို့အနက် တခုခု လုံးဝ ဆက်သွား သောကြောင့် အစုံမဖြစ်ပဲ တခုတည်း ဖြစ်သွားသည်။ ထို့ကြောင့် ဤရောဂါတွင်လည်း ခရိုမိုဇုမ်း ၄၆ ခုရှိရမည့်အစား ၄၅ ခုသာ ရှိပါသည်။ ထိုရောဂါရှိသူ ကိုယ်တိုင်၌ ကျန်းမာရေး ကို သိသိသာသာ မထိခိုက် သော်လည်း ထိုရောဂါ ရှိသူ မိခင်မှ မွေးလာသော ကလေးသည် Down Syndrome ရရှိနိုင်သည့် အခွင့်အလမ်း ပိုများ ပါသည်။
Fragile X Syndrome
၎င်း ရောဂါသည် ခရိုမိုဇုန်း အစိတ်အပိုင်းတခု ကျိုးပဲ့ ပျက်စီးပြီး ကွက်လပ် ဖြစ်နေသော ကြောင့် ဖြစ်ပြီး ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ကို သိသိ သာသာ ထိခိုက် သည်ကို မတွေ့ရပဲ စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးသည့် အချက်တွင် Down Syndrome ပြီးလျင် ဒုတိယ လိုက်သော ရောဂါ ဖြစ်ပါသည်။ ဘာသာ စကား သင်ကြားရာ၌ တတ်မြှောက်မှု နှေးကွေးခြင်း အပြင် စိတ်ပိုင်း ဆိုင်ရာ နယ်ပယ် အသီးသီး တွင် ဖွံ့ဖြိုးမှု နောက်ကျ သည်။ လူ အများစုနှင့် ဆက်ဆံမှုကို ရှောင်ပြီး လူစုလူဝေးနှင့် ၀ိုင်းဖွဲ့ နေထိုင်ခြင်းထက် အထီးကျန် ဆန်ဆန် နေလူသည့် အလေ့အထ ရှိပါသည်။ ရောဂါ ဖြစ်ရခြင်း အကြောင်းရင်း ကို ဆေး သုတေသီများ လေ့လာ နေဆဲ ဖြစ်သည်။ ၎င်းတို့၏ သက်တမ်း သည် လူသာမန် တယောက်၏ ပုံမှန် သက်တမ်း အတိုင်းပင် ဖြစ်သည်။
အချုပ်အားဖြင့် Chbromosomal abnormality ကြောင့် ဖြစ်ရသော ရောဂါများ အနက် ခရိုမိုဇုမ်း အရေအတွက် ပုံမှန် မဟုတ်၍ ဖြစ်ရ သော ရောဂါသည် ဖွဲ့စည်းပုံ ပုံမှန် မဟုတ်၍ ဖြစ်ရသော ရောဂါ များထက် ကျန်းမာရေး အခြေအနေ ပိုဆိုး သည်ကို တွေ့ရပါသည်။ ရောဂါများကို အတိအကျ ပျောက်ကင်းအောင် ကုသ၍ မရနိုင်ပဲ စိတ်ပိုင်း ဆိုင်ရာ counselling Programmes များနှင့် တချို့ ဟော်မုန်း နှင့် ဆိုင်သည့် ပြဿနာ များကို ဟော်မုန်းဖြင့် ကုသပြီး အသက်ရှင်စဉ်ကာလတွင် သက်သာအောင် ပြုလုပ်နိုင်သည်သာ ပြုလုပ် နိုင် ပါသည်။ ထို ရောဂါများ သည် အင်မတန် အဖြစ် နည်းသော ရောဂါများ ဖြစ်ပြီး ဗီဇတခုခု ချွတ်ယွင်း၍ ဖြစ်သော ရောဂါများ ကဲ့သို့ တိကျသည့် ရောဂါ အမွေ ဆက်ခံပုံ မရှိသည်ကို တွေ့ရပြီး ကာကွယ် နိုင်သည့် အခြေအနေ များ လည်း ရှိသည်ကို တွေ့ရ ပါသည်။
Complex Genetic Disorders ကို ဆက်လက် တင်ပြပါမည်။